အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် MSMEs လုပ်ငန်းငယ်များ ထူထောင်မည့်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၂၀

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာပေးသင်တန်းဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူးထောင်လုပ်ကိုင်မည့် သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကတိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSMEs လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထူးအလေးထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ်ပေးထားပြီး ထုတ်လုပ်သူများအနေဖြင့် အလွယ်တကူတင်ပို့ရောင်းချနိုင်သလို စားသုံးသူများအနေဖြင့်လည်း ဒေသထွက်ကုန်များကို တစ်နေရာတည်း မူရင်းဈေနှုန်းအတိုင်း စုစုစည်းစည်း ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရာတွင် အရေးကြီးသည့် အဓိကမောင်းနှင်အားဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဖန်တီးနိုင်မှသာ အောင်မြင်မှုများ ရရှိလာနိုင်မှာဖြစ်ကြောင်း၊ လုပ်ငန်းစတင်ထူထောင်မည့် သင်တန်းသူများအနေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် သင်ကြားပေးထားသည့် အတတ်ပညာများကို ဆန်းသစ်တီထွင်နှင့်ပေါင်းစပ်၍ အောင်မြင်သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌတို့က သင်တန်းသူများအတွက် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက သင်တန်းသူများ၏ လက်တွေ့ချုပ်ထားသည့် အဝတ်အထည်များ၊ ထောက်ပံ့ပေးအပ်သည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီးကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးနှင့် MSMEs လုပ်ငန်းသစ်များ ပေါ်ထွန်းလာနိုင်စေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းနည်းပညာသင်တန်း(၁၆)ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် ဖွင့်လှစ်ပြီးခဲ့သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်နည်းပညာသင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် ဆပ်ပြာနှင့်လူသုံးကုန် ထုတ်လုပ်မှုသင်တန်းများ ထူးချွန်သင်တန်းသူ(၁၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)