ဘီးလင်းမြို့နယ်၌ မုန်တိုင်းဘေးနှင့်ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်

ဘီးလင်း စက်တင်ဘာ ၂၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်ပိုင်းက ကန်သာယာရပ်ကွက် ရှင်ဥပဂုတ္တကန်အတွင်း၌ မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့ကို ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းဘေး၊ ရေဘေး၊ သဘာဝဘေးများ ကျရောက်လာပါက ပြည်သူများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ မြေပြင်၊​ ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်ပြေးညီဆောင်ရွက်ရန်၊ ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်း၊ ဘေးလွတ်ရာရောက်ရှိသူများကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)