ဖျာပုံ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စက်တင်ဘာ (၁၉)ရက်နေ့မှစတင်၍ ကျင်းပဆောင်ရွက်ခဲ့ရာ ပွဲတော် ဒုတိယနေ့ ယနေ့နံနက်(၉)နာရီ အချိန်တွင် ပွဲတော်ကျင်းပရာ အ.ထ.က(၃)ကျောင်း၊ မြမဉ္ဇူကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
လူငယ်စကားဝိုင်းသို့ တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး လူငယ်စကားဝိုင်းတွင် ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား/သူ(၄)ဦးနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့် စာကြည့်တိုက်၊ လူငယ်နှင့် စာဖတ်ဝါသနာ၊ လူငယ်နှင့် စာပေအကျိုး”ခေါင်းစဉ်များဖြင့် စာပေ၏ တန်ဖိုး၊ ဂုဏ်၊ ဒြပ်များအား ဖော်ညွှန်းပြောဆို၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ နံနက်(၁၀)နာရီအချိန်၌ အဆိုပါလူငယ်စကားဝိုင်းကျင်းပရာ မြမဉ္ဇူခန်းမတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ဦးတင်လင်းက ယခုကျင်းပခဲ့သည် ပွဲတော်သည် ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများနှင့် ထိတွေ့ရင်းနှီးစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရေး၊ စာပေ၌မွေ့လျော်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပွဲတော်(၂)ရက်တာ ကာလတွင် ပါဝင်ဆင်နွှဲကြသည့် ကျောင်းသား/သူများအနေဖြင့် မိမိတို့တွေ့ကြုံခဲ့ရသည့် အတွေ့၊ အမြင်တွေဟာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တိုက်တွန်းနှိုးဆော်ထားသည့် အကြောင်းအရာများဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မှစ၍ ရှေ့အနာဂတ်တွင် မိမိတို့ ဘဝတိုးတက်အောင်မြင်စေရေးအတွက် စာများများဖတ်ကြရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပွဲတော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ကျောင်းသား/သူများက ဖျော်ဖြေရေးကဏ္ဍများဖြင့်လည်း တင်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)