ကန့်ဘလူ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ခေတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ထမ်းတိုင်း နည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန်နှင့် သတင်းရေးသားတတ်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း(၃/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က မိမိတို့ဌာနသည် သတင်းများရေးသားနေရသောကြောင့် သတင်းရေးသားရာတွင် အဓိကအခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်စေရန်နှင့် ဝန်ထမ်းတိုင်းသိရှိနားလည်းတတ်ကျွမ်းထားရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတင်းများမှန်ကန်၊ မြန်ဆန်စွာပေးပို့ခြင်းများ မဖြစ်မနေတတ် သိနားလည်ထားရမည်ဖြစ်သည့်အတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူးလေ့ကျင့်သွားကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ လေးဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ဝေါဟာရရှင်းလင်းချက်၊ အခြေခံသတင်းစာပညာ၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်း၊ သတင်းပေးပို့နည်း၊ သတင်းသမားလိုက်နာရမည့်ကျင့်ဝတ်နှင့်စည်းကမ်းများစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)