မိုးညိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်ပွဲပြုလုပ်

မိုးညို စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဆင်းသီရိလမ်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီအချိန်က နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမိုးဇော်က နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင် စာတွေ့၊ လက်တွေ့သင်ကြားပေးမှာဖြစ်သည့်အတွက် တက်ရောက်သူများအနေဖြင့် သေချာစွာလေ့လာမှတ်သားခြင်းဖြင့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းပြောကြားပြီး မေထုန်မဲ့သားစပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ၊ နွား၏အမမျိုးပွားအင်္ဂါအစုံလိုက်နှင့် နွားမေထုန်မဲ့သားစပ်ခြင်းကို လက်တွေ့ပြသခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား (၁၇) ဦးတက်ရောက်ပြီး စက်တင်ဘာလ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့ထိဖွင့်လှစ်မှာဖြစ်‌ကြောင်း၊ သင်တန်းတွင် မေထုန်မဲ့သားစပ်သမိုင်း၊ နွားမျိုးများနှင့်ဆိတ်မျိုးများအကြောင်း၊ နွားမေထုန်မဲ့သားစပ်ခြင်းဆိုင်ရာနည်းလမ်းများ၊ နွားမမျိုးပွားအင်္ဂါခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ(နွား၊ဆိတ်)၊ နွားမေထုန်မဲ့သားစပ်ခြင်း(လက်တွေ့)၊ ဇီးစမ်းသပ်ခြင်း(နွား၊ဆိတ်)၊ မျိုးပွားမှုဆိုင်ရာရောဂါများ၊ မျိုးပွားမှုဆိုင်ရာအာဟာရဗေဒ၊ မေထုန်မဲ့သားစပ်ကိရိယာပြင်ဆင်ခြင်းနှင့် မျိုးရည်ခဲချောင်းသိုလှောင်ထိန်းသိမ်းခြင်း၊ သန္ဓေအောင်မြင်မှုကိုအကျိုးသက်ရောက်သောအချက်များ၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း စသည့်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပေးမှာဖြစ်ကြောင်းသိရသည်။

ကိုမင်း(ပြန်/ဆက်)