ကျွန်းလှ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံအာဟာရ စီမံခန့်ခွဲရေး နည်းပညာပေးသင်တန်းဖွင့်လှစ်

ကျွန်းလှ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံအာဟာရ စီမံခန့်ခွဲရေး နည်းပညာပေးသင်တန်းကို ယနေ့နေ့နံနက် ၈ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အကြာင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကန့်ဘလူခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်တူးတူးမာက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံခန့်ခွဲမှုအကြောင်း၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာသုံးစွဲခြင်းအကြောင်း၊ မြေဆီလွှာအာဟာရစစ်ဆေးခြင်း၊ သစ်ဆိမ့်မြေဩဇာ ထည့်သွင်းခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးပြီး စူပါအီးအမ်ဘိုကာရှီ စပါးခွံမြေးဆွေးပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)