ပုသိမ် စက်တင်ဘာ ၂၀
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲအကြို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်ဘိလိယက်၊ စနူကာ၊ 9Ball ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းစနူကာ အားကစားခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စနူကာဗိုလ်လုပွဲအဖြစ် ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်တို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘိလိယက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမားများကို ဆုတံဆိပ်များနှင့်ငွေသားဆုများကိုလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမားများကို ဆုတံဆိပ်များနှင့်ငွေသားဆုများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ 9Ball ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမားများနှင့် ပထမရရှိသည့် ပုသိမ်ခရိုင် အသင်းတို့အား ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)