ရွှေဘို စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အေးမြမွန်တို့က မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြစ်ဒဏ်များကို ဒေသခံပြည်သူများ ကလေးသူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ တဖြေးဖြေးလျော့နည်းပပျောက်ရေး ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် လူ့အခွင့်အရေးအဓိပ္ပာယ်၊ လူ့အခွင့်အရေးတွင် ပါဝင်သည့်အချက်များ၊ ကလေး၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့်အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများထောက်ပံ့ပေးနေမှုများစသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)