သထုံ စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့၊ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းစာကိုကြိုးစားကြပြီး ဗဟုသုတ တိုးပွားရေးအတွက် ပြင်ပစာ စာပေများကိုပါ လေ့လာဖတ်ရှုကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးတို့က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက် ထားရှိကြရေး၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်စေရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေးစသည့် လူငယ်များအား တိုးတက်စေမည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောကြရာ ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်းကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်