ကျောက်ကြီးမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

 ကျောက်ကြီး စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဟောပြောပွဲကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူးက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည့်အခြေအနေအားရှင်းလင်းဟောပြောခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးက မိမိဌာနအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်းနှင့် သတင်းထုတ်ပြန်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့နိုင်ငံတော်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း အသိပေးပြီး မည်သည့်အခြေအနေတွင် လူကုန်ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးခံရသူများ၏ နောက်ဆက်တွဲဆိုးကျိုးများကို ဟောပြောပွဲသို့တက်ရောက်လာသူများ စိတ်ဝင်စားစေရန် ရုပ်ပုံပါ ဗီနိုင်းပိုစတာများဖြင့် ရှင်းလင်းပြသဟောပြောခြင်းများဆောင်ရွက်ခဲ့သည်။

 ဆက်လက်ပြီး ကျောက်ကြီးမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်း ဒုတိယစခန်းမှူးတို့က လူကုန်ကူးခံရမှုနှင့်ပတ်သက်ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း၊ လူကုန်ကူးသူများနှင့်ပတ်သက်ပြီး ဥပဒေအကြောင်းအရာ ပြစ်မှု/ပြစ်ဒဏ်များကို ဟောပြောပွဲတက်ရောက်လာသူများအား ရှင်းလင်းဟောပြောခြင်း၊ မြို့နယ်မီးသတ်တပ်စုမှူးက လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်ပြီး ကျောင်းသား/ ကျောင်းသူများကို သိသင့်သိထိုက်သည်များဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို မြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၀)ဦးခန့် တက်ရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကပြသထားသည့် နံရံကပ်စာစောင်များနှင့် ရုပ်ပုံပါဗီနိုင်းပိုစတာများအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်