ရွှေဘို စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅)စစ်အုပ်ချုပ်ရေး နယ်မြေစစ်နယ်မြေမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများ ချမှတ်ရာတွင် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှ လွပ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူ ပြုသည့် လုပ်ငန်းဖြစ်သည့်အတွက်၊ သင်တန်းသား/သူများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းမှ သင်တန်းသား/သူများအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များ တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သန်းခေါင်စာရင်း လုပ်ငန်းစဥ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ CAPI စနစ် မိတ်ဆက်သင်ခန်းစာ၊ လက်တွေ့သင်ခန်းစာ၊ ပညာရေးအကြောင်းအရာ မေးခွန်းများ၊ လူဦးရေဆိုင်ရာ အချက်အလက်များ မေးခွန်း၊ ပြည်တွင်းပြောင်းရွေ့သွားလာခြင်း စသည့်ဘာသာရပ်ဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၆၀)ဦးဖြင့် (၁၂)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)