ကြံခင်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်တို့၌ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန်နှင့် စဉ်စားတွေးခေါ်မှု စွမ်းရည်မြင့်မားစေရန်ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဉာဏပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပေးရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က ဆရာကြီး မင်းသုဝဏ်ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် ပြည်သူ့စာကြည့်တိုက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက အရုပ်ဆက်နှင့်စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပေးကြရာ ကျောင်းသား/သူများက ပျော်ရွှင်စွာ ပါဝင်ကစားကြပြီးနောက်၊ ပြိုင်ပွဲဝင် ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်မျိုးစုံပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)