စေတုတ္တရာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

စေတုတ္တရာ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်ဖြင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာဦးစီးဌာန ဒုတိယမြို့နယ် ပညာရေးမှူးဦးရဲထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများရှေ့တွင် စကားပြောစွမ်းရည်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပ အသိပညာဗဟုသုတများရရှိကာ အနာဂတ်နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းများ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက လူငယ်စကားဝိုင်း၌ ဦးဆောင်၍ ဆွေးနွေးဆောင်ရွက်ကာ အ.ထ.က(ခွဲ) မြေနီကုန်းကျောင်းမှ Grade(11၊10)မှ) ကျောင်းသား၊ ကျောင်းသူ(၅)ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ဘဝအောင်မြင်ရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အစရှိသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ အ.ထ.က(ခွဲ) မြေနီကုန်းကျောင်းမှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်စိုးလင်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အ.ထ.က(ခွဲ) (မြေနီကုန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ၍ လူငယ်စကားဝိုင်းသို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးအရာရှိ၊ အ.ထ.က(ခွဲ) မြေနီကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစားဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)