ဒေးဒရဲ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၈)နာရီက အမှတ်(၁)အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံ ကျသည့် လူဦးရေစာရင်းများ တိကျစွာရရှိရေး၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများ၊ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို ဆွေးနွေးပို့ချသွားမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးစားသင်ယူသွားကြရန် ဆွေးနွေး မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် တက်ရောက်သင်ယူလျက်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း