မော်လမြိုင်ကျွန်း စက်တက်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လူအများသွားလာ စည်ကားရာ လမ်းဆုံလမ်းမများတွင် ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ထိုသို့ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးကြိုတင်ပြင်ဆင်ရေး သတိပြုကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန်၊ သတိပြု၍ ရှောင်ရှားသင့်သည့် အပြုအမူအချက်အလက်များ၊ မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိရန်၊ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားရန်၊ သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်၊ သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဥ်ဆက်မပြတ်နားထောင် ၍ အကြံပြုချက်များကို လိုက်နာရန်၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းမျာကို ကြိုတင်ပြဆင်ထားရန် စသည့်အချက်များကို သိရှိကာကွယ် တုံ့ပြန်နိုင်ရေး အသိပေးနှိုဆော်ချက်များ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေး လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)