စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ အဋ္ဌမအကြိမ် ထုတ်ချေးပေး

စေတုတ္တရာ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုလျော့ကျလာစေရန်ရည်ရွယ်၍ မြေနီကုန်းကျေးရွာ၌ အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကို ယမန်နေ့ မွန်လွဲပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းထုတ်ချေးပေးကြောင်း သိရသည်။

ရှေ့ဦးစွာ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့်ဝန်ထမ်းများက မြေနီကုန်းကျေးရွာရှိ ကျေးရွာတာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ စီမံကိန်းမှရရှိမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါအကြောင်းအရာများ၊ စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသက်မှတ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ခံစားခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။  

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မွန်က ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြေနီကုန်းကျေးရွာရှိ ကျေးရွာစီမံကိန်းအဖွဲ့ဝင်များထံသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၂ သန်း (ကျပ်လေးဆယ့်နှစ်သန်းတိတိ/-) လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၉၇ ဦးကို ငွေကျပ် ၂၄ ဒဿမ ၂ သန်း၊ မွေးမြူးလုပ်ငန်းလုပ်ကိုင်သူ ၄၅ ဦးကို ငွေကျပ် ၉ ဒဿမ ၂ သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦးကို ငွေကျပ် ၃ ဒဿမ ၁ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦးကို ငွေကျပ် ၄ ဒဿမ ၂ သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူ ၆ ဦးကို ငွေကျပ် ၁ ဒဿမ ၃သန်း စုစုပေါင်း အသင်းသား၊ အသင်းသူ (၁၈၂) ဦးကို အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၂ သန်း ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)