(၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

 မုံရွာ စက်တင်ဘာ ၁၉

၂၀၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ကြီးမှူး၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်‌ ဆေးဝါးတားဆီးကာကွယ်‌ရေး တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ သစ်တောရဲတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မုံရွာ)နှင့် လေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ စုပေါင်း၍ ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးများကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ ကုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့ဆေးရုံအတွင်း သလ္လာရတနာခန်းမ၌ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကိုကျင်းပရာ  စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားပြီး နောက်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြပြီးနောက် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့ဆေးရုံကြီးအတွင်း၊  အပြင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီးနောက် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် သွေးလှူဌာနတွင် စုပေါင်းသွေးလှူဒါန်းနေမှုများအား ကြည့်ရှုကာ သွေးလှူစေတနာရှင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အာဟာရဖြည့် ကြက်ဥ၊ ပဲနို့နှင့် အချိုရည်တို့ကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့မိသားစုများမှ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၀) ဦး၊ အမှတ်(၄/၃၀၀)တပ်မတော်စစ်‌ ဆေးရုံတွင် (၃၀) ဦး၊ စုစုပေါင်း (၉၀)ဦး စုပေါင်းသွေးလှူခဲ့ကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးများ စုစုပေါင်း (၁၅၃) ဦးဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 ခရိုင်(ပြန်/ဆက်)