ဟင်္သာတ စက်တင်ဘာ ၁၉
ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီ ဝယ်ယူခွင့်စာအုပ် (၅၀၀၀)ကို ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၊ ခရိုင်နှင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် စတင်ဖြန့်ဝေခဲ့ပြီး ကျေးရွာအုပ်စု (၂) ခု၊ မြို့ပေါ်ရပ်ကွက် (၉) ခုတို့တွင် စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆီစာအုပ်များဖြင့် စတင်ရောင်းချပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများအား စက်တင်ဘာ ၁၅ ရက်နေ့တွင် စားအုန်းဆီဝယ်ယူခွင့်စာအုပ် (၁၀၀၀) ကိုလည်း မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်တွင် ထပ်မံဖြန့်ဝေ၍ တစ်အိမ်ထောင်လျှင် စားအုန်းဆီ (၅၀) ကျပ်သားနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ကျန်အိမ်ထောင်စုများကိုလည်း အိမ်ထောင်စု စာရင်းများဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ လက်လီ၊ လက်ကား ကုန်စုံဆိုင်များတွင် ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိသည်။ ဟင်္သာတမြို့ပေါ် (၃၁)ရပ်ကွက်နှင့် ကျေးရွာ (၁၀၁) အုပ်စုအား အပြည့်အဝ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးကိုလည်း စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ အမြန်ဆုံးရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)