မြို့သစ်မြို့နယ်တွင် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်(၅)ရပ်ကွက်သို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များကို အသိပေးနှိုးဆော်ပြီး ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)