ပခုက္ကူ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ လူငယ်များစုပေါင်း၍ စက်တင်ဘာ ၁၇ ရက်နေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများထံ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သွားရောက်ကူညီလှူဒါန်းကြကြောင်း သိရသည်။
“မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာလ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုလမ်းပိတ်ဆို့ခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးလိုင်းများပြတ်တောက်ခြင်းနှင့် လူနေအိမ်များအတွင်း ရေဝင်ရောက်ခြင်းများဖြစ်ပွားခဲ့ရာ ကျွန်တော်တို့ ပခုက္ကူမြို့နယ်ထဲက လူငယ်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များစုပေါင်းအားဖြင့် အလှူခံရရှိသည့်ငွေများနဲ့ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းကြပါတယ်။ တချို့ပြည်သူတွေကလည်း အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းကြပါတယ်။ အဲ့ဒါတွေကို စုပေါင်းပြီး ကူညီလှူဒါန်းနိုင်ဖို့ စက်တင်ဘာလ ၁၆ရက် မွန်းတည့် ၁၂ နာရီ လောက်က ပခုက္ကူမြို့က စတင်ထွက်ခွာလာပြီး မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ကို ညနေပိုင်းရောက်ရှိ ဒေသခံ ပရဟိတအဖွဲ့အစည်းနဲ့တွေ့ဆုံညှိနှိုင်းပါတယ်။ ပြီးတော့မှ ဝမ်းတွင်းမြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ သရက်ကန်ကျေးရွာရှိ အိမ်ထောင်စု ၁၈၀ စု၊ ဆူးပန်းကျေးရွာရှိ အိမ်ထောင်စု ၂၅၀ စု၊ ဆူးပန်းမြောက်ကိုင်းကျေးရွာရှိ အိမ်ထောင်စု ၁၂၀ စု၊ သပြေသာနှင့် ရိုးစုံကျေးရွာရှိ အိမ်ထောင်စု ၂၈၀ စု၊ ဆားတောင်ကျေးရွာရှိ အိမ်ထောင်စု ၂၀၀ စုတို့အတွက် ဖွင့်လှစ်ထားတဲ့ ရေဘေးရှောင်စခန်းတွေကို စက်တင်ဘာလ ၁၇ ရက်က ခွဲဝေလှူဒါန်းခဲ့ကြတယ်။ လှူဒါန်းတဲ့ပစ္စည်းတွေအနေနဲ့ ရေသန့်ဘူး၊ ဓာတ်ဆားထုပ်၊ အချိုရည်ဘူး၊ ဆေးဝါးပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ စောင်နှင့်ဖိနပ်များ၊ ငါးသေတ္တာ၊ရှူးရှဲလက်ဖက်နှင့် ကလေးစားမုန့်များဖြစ်ပါတယ်။ လှူဒါန်းဖို့သွားတဲ့နေရာမှာလည်း တချို့ရွာတွေက ကားနဲ့သွားလို့ရပြီး တချို့ရွာတွေက ဆိုင်ကယ်တွေ၊ တချို့ရွာကတွေက နွားလှည်းတွေနဲ့ သွားရတာလည်းရှိပါတယ်။ ရေဘေးသင့်နေပြည်သူတွေအတွက် ယခုလို ကိုယ်တိုင်လှူဒါန်းရတာ ကျေနပ်မှုရှိသလို ပြည်သူတွေအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင် ကူညီထောက်ပံ့ကြတာတွေတွေ့ရလို ဝမ်းသာမိပါတယ်”ဟု ကိုယ်တိုင်သွားရောက်လှူဒါန်းသူ ပခုက္ကူမြို့နေ လူငယ်တစ်ဦးက ပြောပြသည်။
ဘာမီသာ(ပခုက္ကူ)