မကွေးမြို့၌ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်

မကွေး စက်တင်ဘာ ၁၉

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက မကွေးမြို့၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မကွေးခရိုင်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေသေချာချာလေ့လာမှတ်သားပြီး မိမိတို့ တာဝန်ကျကောက်ကွက်များတွင် မှန်ကန်ပြည့်စုံပြီး အရည်အသွေးပြည့်ဝသည့် စာရင်းအချက်အလက်များ ကောက်ယူနိုင်အောင် လေ့ကျင့်သင်ကြားကြရန် အထူးပင်လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင်  သင်တန်နည်းပြ ၁၈ ဦးက မကွေးမြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၂၇၁) ဦးအား သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်းများနှင့် ပဟေဠိအမေးအဖြေများကို ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆွေးနွေးသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)