ပေါင် စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပေါင်မြို့နယ်၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပေးကြဖို့လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရတဲ့အတွက် သင်တန်းသားဆရာမများအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ပြီး သင်တန်းကဆွေးနွေးပို့ချချက်များကို အကောင်းဆုံးဆောင်ရွက်ကြဖို့ အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးသန်းဝင်းဇော်က သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ကောက်ယူသွားမှာဖြစ်သည့်အတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြဖို့ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများကိုပေးအပ်ရာ သင်တန်းနည်းပြများက လက်ခံရယူခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ပေါင်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ (၁၂၇) ဦးနှင့် သင်တန်းဆရာ (၃၄) ဦးတို့က သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာများအား စားရင်းကောက်၊ စာရင်းစစ်များဖြင့် (၁၀) ရက်ကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)