သာယာဝတီ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အ.ထ.က(၁)ပညာ့အားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာအဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့်နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာအချက်အလက်များရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြစ်သတ်မှတ်ကာ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးအထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားသောတာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို သာယာဝတီမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူများ (၁၅၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် နည်းပြဆရာ၊ ဆရာမ (၄)ဦးတို့ဖြင့် စက်တင်ဘာလ (၁၇) ရက်မှ (၂၈) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)