မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

အထက်မင်းလှ  စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် သင်တန်းသား ၊သင်တန်းသူများက လူဦး‌ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စရပ်များနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ၊ ဆရာမ(၉)ဦးက သင်တန်းသား၊ သင်တန်းသူ (၁၁၂)ဦးအား စက်တင်ဘာ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ  စာတွေ့လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက်ယူရာ၌ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၃)အုပ်စု၊ ကောက်ကွက်ပေါင်း(၃၁၁) ကွက်တို့တွင် စာရင်းစစ်(၂၅)ဦး၊ စာရင်းကောက်(၉၆)ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)