တောင်ငူမြို့၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိပြီး မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်ရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများ၊ ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။

တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်(၆၀၀)အထက်ကျော်လွန်ပြီး အမြင့်ဆုံးရေမှတ်(၈၁၉)စင်တီမီတာသို့ရောက်ရှိခဲ့ကာ ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲအချိန်တွင် (၇၄၄)သို့ ဆက်လက်ကျဆင်းလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)