တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်းများသို့ ထမင်းဘူးများသောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများနေ့စဉ်လှူဒါန်းထောက်ပံ့ပေး

တောင်ငူ စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေကြီးမှုကြောင့် ရေဘေးရှောင်စခန်းများဖွင့်လှစ်ထားလျက်ရှိရာ အဆိုပါရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကွပ်ကဲ၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ထမင်းဘူး၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အစားများ ဝေငှပေးလျက်ရှိသည်။ ထို့အပြင် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရန်အတွက် အမှိုက်ကျင်းများတူးဖော်ဆောင်ရွက်ပေးခြင်း၊ ရေဘေးရှောင်စခန်းများသို့ သောက်ရေသန့်ကားဖြင့် သောက်သုံးရေများဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကွပ်ကဲမှုရုံးကို သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားလျက်ရှိကာ ရေဘေးသင့်ပြည်သူများအတွက် ဖုန်းနံပါတ်-၀၉၅၀၃၂၆၄၆ ကို အရေးပေါ်ဆက်သွယ်ရန်နှင့် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)