ကန်ကြီးထောင့် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅)ကျောင်းနှင့် စံဇေတဝန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ပထမအဆင့်တို့အား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ (၁၅) ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးသန္တာလွင်က ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁) ကျောင်းလျှင် ငွေကျပ် ၉၆၀၀၀၀ နှုန်းဖြင့် ကျောင်း(၅) ကျောင်းအတွက် ငွေကျပ် ၄၈၀၀၀၀၀ နှင့် စံဇေတဝန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ပထမအဆင့်အတွက် ငွေကျပ် ၃၂၉၄၀၀၀ စုစုပေါင်း ငွေကျပ် ၈၀၉၄၀၀၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)