နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

နတ်မောက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသန့်စင်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဉ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသန့်စင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးတို့က မြို့နယ်အဆင့်နည်းပြသင်တန်းမှူးများအား စာရင်းစစ်၊ စာရင်းကောက်အတွက် ထောက်ပံ့ပစ္စည်းများ အားပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား/သူ ဆရာ၊ ဆရာမ(၁၁၀)ဦးတို့အား နည်းပြဆရာ/ဆရာမ (၉)ဦးတို့က “သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ သန်းခေါင်စာရင်း ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ (CAPI) စနစ်မိတ်ဆက်သင်ခန်းစာ ပို့ချခြင်း၊ လူဦးရေဆိုင်ရာ အချက်လက်များ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေးအကြောင်းအရာများ၊ လုပ်သားအင်အားအကြောင်းအရာများ၊ မွေးဖွားခြင်းအကြောင်းအရာများ၊ မသန်စွမ်းမှုအကြောင်းအရာ မေးခွန်းများ၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာများ၊ လုပ်ငန်းထိန်းပုံစံများ၊ အိမ်အကြောင်းအရာမွေးခွန်းများ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းမေးခွန်းများ၊ အဖွဲ့အစည်းများအား စာရင်းကောက်ခြင်းနှင့် (CAPI) နည်းပညာဖြင့် ဆာဖာသို့ အချက်အလက်များပေးပို့သိမ်းဆည်းခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းမှရရှိသော အညွှန်းကိန်းများစသည့် သင်ခန်းစာများကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး  ၃၀ ရက်နေ့တွင် လက်တွေ့ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း