ခန္တီးမြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ခန္တီး စက်တင်ဘာ ၁၇

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး ခန္တီးမြို့နယ်တွင် ကောက်ကွက်ပေါင်း (၁၁၁)ကွက်ကို စာရင်းစစ်၊ စာရင်းကောက်(၄၅)ဦးတို့ဖြင့် ကောက်ယူသွားမည်ဖြစ်ကာ အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ(၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သင်တန်းဆင်းပွဲ အခမ်းအနားကို  ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့အခြေချ(ခန္တီး)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ခန္တီးခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ဗျူဟာအဖွဲ့အခြေချ(ခန္တီး)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်၊ ခန္တီးခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ခရိုင်အဆင့်နည်းပြနှင့် စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများ ပေးအပ်ရာ နည်းပြများ၊ သင်တန်းသား/သူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်လာကြသည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင် ပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြ ဆရာ/မများအနေဖြင့် တိုင်းဒေသကြီးအဆင့် အထူးနည်းပြသင်တန်းကို တက်ရောက်ခဲ့သည့် ဦးချမ်းမြေ့အောင်၊ ဒေါ်ငွေဇင်ညှာ၊ ဒေါ်ခင်စုလွင်တို့က သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ (၃-၉-၂၀၂၄)ရက်နေ့မှ (၁၃-၉-၂၀၂၄)ရက်နေ့အထိ (၁၁)ရက်ကြာ သင်ကြားပို့ချခဲ့ကာ ခန္တီးမြို့နယ်မှ စာရင်းစစ်၊ စာရင်းကောက်(၄၅)ဦးနှင့် နာဂဒေသလဟယ်နှင့် နန်းယွန်းမြို့များမှ စာရင်းစစ်(၆)ဦး စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)