မြောင်းမြ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်းစာရင်းကောက်ယူခြင်းမှရရှိလာသည့် အချက်အလက်မှန်ကန်မှသာ နိုင်ငံ၏ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်းသိသည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)