ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ရောင်စုံပန်းချီပြိုင်ပွဲ ကန့်ဘလူ၌ ကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၄

စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းပြီး ခရိုင်အဆင့် အလယ်တန်းနှင့်မူလတန်းဆင့် ရောင်စုံပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

အဆိုပါ ပန်းချီပြိုင်ပွဲတွင် “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် အလယ်တန်းဆင့်ကျောင်းသား ကျောင်းသူ ၂၂ ဦး၊ မူလတန်းဆင့်ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး စုစုပေါင်း ၄၈ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ယင်းပန်းချီပြိုင်ပွဲသို့ ခရိုင်ပညာရေးမှူး ဦးသန်းထိုက်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်၊ အ.ထ.က(၁) တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးနှင့် ဆရာ၊ ဆရာမများ၊ ပန်းချီဆရာကြီး ဦးစိုးမြင့်ဝေ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံ ဦးညီညီစိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)