သံဖြူဇရပ် စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ မေမြတ်ဇင်ရေးသားသော အမျိုးသမီးများအတွက် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ယနေ့လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ဖြစ်ကြောင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက ဦးဆောင်၍ စာရေးဆရာ မေမြတ်ဇင်ရေးသားသော အမျိုးသမီးများအတွက် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းစာအုပ်သည် အမျိုးသမီးများအနေဖြင့် များစွာအကျိုးပြုသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အဖွဲ့ဝင်ဒေါ်အေးအေးသွယ်က စာအုပ်ပါ အမျိုးသမီးများအတွက် မိမိကိုယ်ကိုခုခံ ကာကွယ်ခြင်းအကြောင်းအရာကို ဖတ်ကြားဆွေးနွေးပြီး၊ အဖွဲ့ဝင် ဒေါ်အေးနန္ဒာအောင်က အမျိုးသမီးများအတွက် မိမိကိုယ်ကိုခုခံကာကွယ်ဖို့ လမ်းညွှန်ချက်များနှင့် လှည့်ကွက်များ အကြောင်းအရာကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဖတ်ကြား ဆွေးနွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းနှင့် ပြည်သူ အသိပညာပေး ဆွေးနွေးပွဲများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး၊ စာဖတ်ဝိုင်းအပြီးတွင် တက်ရောက်လာကြသည့်သူများမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)