ရွှေတောင်မြို့နယ် အ.ထ.ကခွဲ(သရက်တော)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ခွဲ)သရက်တောကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူးကျော်မိုးနိုင်က မှုခင်းကျဆင်းရေးအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်အကြောင်းနှင့် မှုခင်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေနည်းဥပဒေများအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ ရွှေတောင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကျော်မိုးနိုင်၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦး၊ သရက်တောရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အ.ထ.က (ခွဲ) သရက်တောကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၄၅) ဦးခန့် တက်ရောက်၍ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာဗဟုသုတရရှိရေးအတွက် ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)