ကန့်ဘလူ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားကို အ.ထ.က(၁) G- 10 ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီးချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည်ခိုင်မာတိုးတက်စေရမည် Video Clip အား ပြသခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားပြီး G- 9 ကျောင်းသား၊ ကျောင်းသူများက လောကရဲ့အားမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် G- 7 ကျောင်းသား၊ ကျောင်းသူများက အလှကမ္ဘာမြေ သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် (ယမန်နေ့က) စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ နှင့်တတိယဆုရရှိသော ကျောင်းသားကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ထိန်းသိမ်းစို့လေ ပညာအမွေ သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ဆရာကြီးဦးမောင်မောင်မြင့်မှ စာပေမြင့်မှ လူမျိုးတင့်မည် ခေါင်းစဥ်ဖြင့် စာပေဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများက စာပေလေ့လာဖတ်ရှုနေမှုများ၊ အားကစားပြိုင်ပွဲများ ကျင်းပနေမှုများကို ကြည့်ရှုအားပေးပြီး ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်၊ စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)