မင်းဘူး စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် ဝင်ရောက်စီးဆင်းလာနိုင်သည့်အတွက် မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းဒေသများတွင် သွားရောက်ကွင်းဆင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ခရိုင်နှင့်မြို့နယ်အတွင်းရှိ နေရာဒေသများတွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းဝင်ရောက်လာနိုင်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဆားပွက်ချောင်း၊ မန်းချောင်း၊ မုန်းချောင်း၊ စလင်းချောင်း၊ နွယ်တမယ်ချောင်းနှင့် ဧရာဝတီမြစ်ဘေး စသည့်မြေနိမ့်ပိုင်း မြစ်၊ ချောင်း၊ ကမ်းပါးတစ်လျောက်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများကို ကြိုတင်ရှောင်ရှားနိုင်စေရန်အတွက် ကုန်းမြင့်/မြေမြင့်ပိုင်း ဘေးကင်းလုံခြုံစိတ်ချရသည့် နေရာဒေသများသို့ ကြိုတင်ပြောင်းရွှေ့နေထိုင်ရေး၊ ရေဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ကြိုတင်သတိပေးခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသည့် နေ့စဉ်မိုးရေချိန်လက်မများနှင့် တောင်ကျချောင်းရေ စီးဆင်းဝင်ရောက်နိုင်မှု သတိပေးခန့်မှန်းချက်များ၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ယမန်နေ့ည (၁၀)နာရီခွဲအချိန် ထုတ်ပြန်ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်ရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည့်အတွက် မိဘပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ အရေးပေါ်ဆက်သွယ်ရေးဖုန်းနံပါတ်များ၊ ခရိုင်မီးသတ်ဦးစီးဌာန ဖုန်း ၀၉-၄၂၈၃၄၅၉၂၈ နှင့် သက်ဆိုင်ရာ နယ်မြေခံမီးသတ်စခန်းများသို့ အချိန်မရွေး ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ကြောင်း၊ ထို့အပြင် မင်းဘူးခရိုင်နှင့် မြို့နယ် (၅)မြို့နယ်ရှိ သက်ဆိုင်ရာ နယ်မြေခံမီးသတ်စခန်းများတွင်လည်း အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် တပ်စုလိုက် အရန်သင့်ဖွဲ့စည်းထားရှိကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)