ပြည် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ ယခုလ (၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်ရှိ နေအိမ်များ၌ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို မြေပြင်လက်တွေ့လေ့ကျင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခရိုင်အဆင့်နည်းပြ သင်တန်းသား၊ သင်တန်းသူများအဖွဲ့သည် ခေတ္တရာမြို့သစ်ရပ်ကွက်၊ (၈/၉)လမ်း (၁)ကွက်နှင့် (၂)ကွက်တို့ရှိ နေအိမ် (၈၄)လုံးသို့ သွားရောက်ကာ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို လက်တွေ့လေ့ကျင့် ကောက်ယူခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်းကူညီပါဝင်နိုင်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြသည်။ ထိုသို့ သန်းခေါင်စာရင်း မြေပြင်လက်တွေ့လေ့ကျင့် ကွင်းဆင်းဆောင်ရွက်ခြင်းအား ပြည်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်၊ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝကဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လိုက်ပါကြည့်ရှုအားပေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်အဆင့်နည်းပြ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မြေပြင်၌သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် ထိရောက်လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ယခုကဲ့သို့ လက်တွေ့ကွင်းဆင်း အစမ်းလေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ သိရှိရသည်။
ကိုဆက်(ပြန်/ဆက်)