ပေါင်းတည် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ် ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင် အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာ၌ ရုံးဌာနများ လုံခြုံရေး၊ ရုံးဝန်းကျင်သန့်ရှင်းရေး၊ သန်းခေါင်စာရင်းကောက်ယူရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲဖွင့်ပွဲတက်ရောက်ရေး၊ တည်ဆောက်ပြုပြင်လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရေးနှင့်ပြီးစီးမှုအခြေတင်ပြနိုင်ရေး၊ မိုးစပါးအထွက်ကောင်းရေးအတွက် လယ်လုပ်ငန်းအဆင့်ဆင့်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ကြပ်အဖွဲ့များပူးပေါင်းဆောင်ရွက်ကြရေး၊ မတ်ပဲနှင့်ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ဒေသဝက်များ တစ်နိုင်တစ်ပိုင် မွေးမြူနိုင်ရန် သက်ဆိုင်ရာဌာနများမှ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် အိမ်နီးချင်းနိုင်ငံများတွင် လက်တလောဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးအကြောင်းတို့ကို မှာကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဌာနဆိုင်ရာအကြီးအကဲများကို လုံခြုံရေးနှင့်စပ်လျဉ်း၍ မှာကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကိစ္စရပ်များ၊ အခက်အခဲများကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)