ဒေးဒရဲ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်စေရန်ရည်ရွယ်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျသည့် လူဦးရေစာရင်းများ တိကျစွာရရှိရေး၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာနိုင်စေရန် ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လဝကမှူး ဦးဇော်မိုးနိုင်က မြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စာရင်းကောက်အဖွဲ့များ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးသွားမည့် လုပ်ငန်းများ၊ စာရင်းကောက်ယူရာတွင် လူဦးရေစာရင်းများတိကျစွာ ရရှိနိုင်ရေး၊ အများပြည်သူ ပူးပေါင်းပါဝင်လာနိုင်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက်တက်ရောက်လာသူများအား (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း