ရွှေဘို စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် သန်းခေါင်စာရင်းကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီအတွင်းရေးမှူး ကိုယ်စား၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဥပဒေများ၊ ရွှေဘိုမြို့နယ်အတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်ရေးများနစ်နာမှုမရှိစေရေး မဲစာရင်းပြုစုရာတွင် အရေးကြီးသည့် ကိန်းဂဏန်းအချက်အလက် မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းမှရရှိသည့် လူဦးရေစာရင်းအား မှန်ကန်သည့် မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ (၂၀၂၄) ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ(၁၅)ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သန်းခေါင်စာရင်းကော်မတီများမှ နိုင်ငံတော်အဆင့်စီမံချက်အား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူ၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေများကို ပြောကြားရာ အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)