ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး စိုက်ဧကတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး၊ စဉ်ဆက်ပညာရေး လုပ်ငန်းစီမံချက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ တောင်သူဦးအေးကြူ၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧက(၅)ဧကတွင် ဆင်းသုခ စပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ ပုသိမ်မြို့နယ်အတွင်း ရေကြီး နစ်မြုပ်ပျက်စီးဧက(၆၃၈၇)ဧကဖြစ်ပြီး ပြန်လည်စိုက်ပျိုးပြီးဧက(၂၄၆၉)ဧကဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ကုစား စိုက်ပျိုးနေမှု အခြေအနေများနှင့်မျိုးစပါးများ၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများ၊ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် အောင်ရေရရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဘိုကလေးမြို့နယ်များ၌ စဉ်ဆက်ပညာရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသင်ကြားခဲ့သူများ၊ ငယ်စဉ်က မူလတန်းပညာအဆင့်သာပြီးဆုံးခဲ့သူများနှင့် မူလတန်းပညာမပြီးဆုံးခဲ့သော အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများအား စာသင်သားဦးတည်အုပ်စုများအဖြစ် စုစည်း၍ စာရင်းကောက်ယူခြင်း၊ စီမံချက်ပါလျာထားဦးရေဖြင့် စာသင်ဝိုင်းများအဖြစ်စုဖွဲ့၍ စာဖတ်ရှိန် မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ဆက်စပ်ဌာနများအဖွဲ့အစည်းများဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် ဘဝသာယာရေး အစီအစဉ်များအတွက် အသိပညာပေးခြင်းစသည့် အစီအစဉ်(၃)ခုတို့ကို ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဒေသများအတွင်းရှိ အခြေခံပညာ အထက်တန်းသင်ယူဖူးသူ၊ အထက်တန်းအောင်နှင့် ဘွဲ့တစ်ခုခုရရှိထားသူ ရပ်ရွာရှိလူမှုရေး အဖွဲ့အစည်းများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ၏ စေတနာလုပ်အားတို့ဖြင့် (၁)ရက်ပျမ်းမျှ(၃)နာရီ၊ နာရီအားဖြင့် (၂၇၀)၊ ရက် အားဖြင့် (၉၀)ကြာ သင်ကြားပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသင်ကြားခဲ့သူများ၊ ငယ်စဉ်က မူလတန်း ပညာအဆင့်သာပြီးဆုံးခဲ့သူများနှင့် မူလတန်းပညာ မပြီးဆုံးခဲ့သော အသက်(၁၅)နှစ်နှင့် အထက် ပြည်သူများအတွက် ၎င်းတို့၏လိုအပ်ချက် သို့မဟုတ် ဆန္ဒအရပညာရေး အခွင့်အလမ်းများ ဖန်တီးပေးသည့်အစီအစဉ်တွင် စနစ်တကျရွေးချယ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် အသင့်တော်ဆုံးနေရာများကိုရွေးချယ်ကြရန်၊ ယခင်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ အောင်မြင်အောင်ဆောင်ရွက်ရန်” ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)