မြောင်းမြမြို့တွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းထိုက်က မှုခင်းကျဆင်းရေးနှင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကျဆင်းရေးအတွက် အသိပညာပေးဟောပြောခဲ့ပြီး၊ အမှတ် (၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြောင်းမြ)၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး ညီညီအောင်က ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေဆိုင်ရာ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရဲတပ်ကြပ်ကြီး ဇော်ဝင်းထွန်းက ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လက်အချက်ပြသရုပ်ပြဆောင်ရွက်ခဲ့သည်။ ထို့နောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလမ်းကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ခရိုင်ရဲတပ်မှူး ဒုတိယရဲမှူးကြီးနှင့်တပ်ဖွဲ့ဝင်များ အမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြောင်းမြ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတာဝန်ရှိသူများ၊ မြောင်းမြ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား/သူ (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)