ကန်ကြီးထောင့် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းများရှိ ကျောင်းသား/သူလေးများက စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးသားခြင်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအစရှိသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်ဒုဦးစီး ဒေါ်သီတာဝင်းတို့က ကျောင်းသား/သူလေးများအား လူကုန်ကူးမှုနှင့်ပတ်သက်သည့် နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ကျောင်းသား/သူများအား နံနက်စာနှင့်နေ့လည်စာများကို ဧည့်ခံကျွေးမွေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား စက်တင်ဘာလ(၁၃)ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)