ကံမ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မဒေးရေလှောင်တမံ၌ ယနေ့နံနက်ပိုင်းတွင် ပင်မရေပိုလွှဲမှ (၂)ဒဿမ(၅)ပေခန့် ဆည်ရေများ ကျော်ကျလျက်ရှိသော်လည်း ဆည်ရေပြည့်အမှတ် ကျော်လွန်သည့် သာမန်ရေကျော်အခြေအနေဖြစ်သည့်အတွက် ဆည်အောက်ပိုင်းကျေးရွာများရှိ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း သိရသည်။
မဒေးရေလှောင်တမံရှိ ပင်မရေပိုလွှဲမှ လက်ရှိဆည်ရေကျော်ကျမှုသည် သာမန်ရေကျော်အဆင့်သာဖြစ်ကြောင်း၊ မဒေးရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၄၃၄) ဒဿမ (၀)ပေ ဖြစ်ပြီး ယနေ့နံနက် (၁၁)နာရီအချိန် တိုင်းထွာချက်အရ ယင်းတမံ၏ ဆည်ရေအမှတ်သည် (၄၃၆) ဒဿမ (၅)ပေ သို့ရောက်ရှိခဲ့သည့်အတွက် ပင်မရေပိုလွှဲမှ (၂) ဒဿမ (၅)ပေခန့် ရေကျော်စီးဆင်းခဲ့ခြင်းဖြစ်သော်လည်း တမံ၊ ရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာမလိုကြောင်း၊ ဆည်ရေကျော်သည့်အချိန်တွင် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်ပွားစေရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်၊ ရှင်းလင်းဆောင်နေရာများနှင့် တမံအောက်ဘက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံလွှင့်တင်ထားရှိပြီး (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မဒေးရေလှောင်တမံအထက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် ဆည်ရေကျော်ကျမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)