စေတုတ္တရာမြို့နယ်၌ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

စေတုတ္တရာ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်ဖြင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်း ၉ နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်‌အောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွန်းက အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများရှေ့တွင် စကားပြောစွမ်းရည်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိကာ အနာဂတ်နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အ.လ.ကခွဲ(၁)ကျောင်းမှ Grade(9 ၊7) ကျောင်းသား၊ ကျောင်းသူ (၄) ဦးက "လူငယ်နှင့်စာ​ပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ" စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်စိုးလင်းက အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ အ.လ.ကခွဲ(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးခိုင်က လက်ခံရယူ၍ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အတွင်းရေးမှူးရဲမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ၊ အ.လ.ကခွဲ(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစားဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)