လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် အခြေခံပညာအထက်တန်းကျောင်း(ရုံးဒေါင့်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၁၃

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကို ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများ ရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဉီးဆောင် ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့နှင့်အတူ Grade-11 မှ မဧကရီစိုး က လူငယ်နှင့် ရည်မှန်းချက်၊ Grade-11 မှ မရွှေရည်ရှိုင်းပြည့်အိမ်က လူငယ်နှင့် ၃၁ ဘုံ၊ Grade-11 မှ မဟေသီဝင့်ဝါက လူငယ်နှင့်လောကီရေးရာ၊ Grade-10 မှ မောင်ပြည့်ဖြိုးဈာန်က လူငယ်နှင့်လူ့တန်ဖိုး၊ Grade-10 မှ မောင်ငွေဦးမောင် က လူငယ်နှင့်ဘဝပန်းတိုင် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါ “လူငယ်စကားဝိုင်း”သို့ အ.ထ.က(ရုံးဒေါင့်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀ )ဉီးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)