အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့မှ ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီးကိုယ်စား အထက်တန်းပြ ဆရာဦးသန်းဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ (Grade-11) မှ မောင်ဟိန်းညီညီစိုးက “ယဥ်ကျေးမှုအစစ်လူ့အနှစ်”ခေါင်းစဥ်၊ (Grade-11)မှ မသင်းလဲ့လဲ့ရီက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဥ်၊ (Grade-11)မှ မောင်ညီညီဖြိုး က “ဘဝနှင့်ရည်မှန်းချက်”ခေါင်းစဥ်၊ (Grade-11)မှမောင်သုတပိုင်က “လူငယ်နှင့်စာဖတ်ဝါသနာ” ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက်အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေး ပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများကပြန်လည် ဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဗဟုသုတရရှိစေမည့်သုတ၊ရသ စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်