ဖြူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ရေသျှံကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက လူကုန်ကူးမှုတားဆီကာကွယ်ရေးဆိုင်ရာများ၊ စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ပပလင်းတို့က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများက KGတန်း၊ မူလတန်းအရွယ်ကလေးငယ်များအား ပုံပြင်ပြောအစီအစဥ်များ ဆောင်ရွက်ပေးခြင်း၊ ကလေးစာပေများအားဖတ်ရှုစေခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းများကို ဆောင်ရွက်ပေးကြကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)