ရန်ကုန် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာလူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတပြည့်ဝစေရန်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အ.ထ.က(၈)ဧဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အင်းစိန်မြို့နယ်၊ အ.ထ.က(၈)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုစန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေ၏တန်ဖိုးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် အ.ထ.က(၈)အင်းစိန်မှ အထက်တန်းပြဆရာမ ဒေါ်စုစုသိန်းတို့က ဦးဆောင်၍ အ.ထ.က(၈)အင်းစိန် Grade-11 မှ မောင်ကောင်းမြတ်စံက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ဇာနည်လင်းထက်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မစမ်းသော်တာငြိမ်းလူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မနန္ဒာကျော်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများ၏ ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းရာ အ.ထ.က(၈)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုစန်းက လက်ခံရယူခဲ့ပြီးနောက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)