မောက်မယ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်း၌ ဆင်ယင်ကျင်းပသော နေ့/ည အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် အရှင်ဘောဂသာရမှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့်လည်းကောင်း၊ အကျိုးတော်ဆောင်ဆရာတော်မှ ဥပ္ပါတသန္တိကျမ်းမြတ်တရားတော်နာကြားရန် နတ်၊ ဗြဟ္မာများအား ပင့်ဖိတ်၍ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကာ ကမ္မဋ္ဌာန်းကျောင်းဆရာတော်မှ ဥပ္ပါတသန္တိကျမ်းမြတ်ဖတ်ကြားရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ပြီး အလှည့်ကျဘာဏကဆရာတော်သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသကို (၃)ကြိမ်တိုင်တိုင် သံပြိုင်ရွတ်ဆိုခဲ့၍ ဥပ္ပါတသန္တိကျမ်းမြတ်မှစတင်ကာ သံဃာတော် (၂၇)ပါးတို့ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဥပ္ပါတသန္တိကျမ်းမြတ်အား (၅)ရက် နာရီပေါင်း (၁၂၀)နာရီတိုင်တိုင် နေ့/ည အသံမစဲ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဓမ္မမိတ်ဆွေများတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)