မဟာအောင်မြေမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်း၊ဆန်တော်များ ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၁၀

မဟာအောင်မြေမြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်း၊ဆန်တော်များ ထပ်ဆင့် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်း၊ဆန်တော်များ ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြတောင်တိုက်၊ ခေမာဝင်းကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မ အမှူးပြုသည့် သံဃာတော် (၅) ပါး ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဆွေလွင်အောင်၊ အဖွဲ့ဝင် (၂) ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးကောင်းမြတ်ကျော်၊ အတွင်းရေးမှူး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်အောင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၂၀)ဦးခန့် တက်ရောက်လှူဒါန်းခဲ့သည်။

ထို့နောက် အခမ်းအနားတွင် တက်ရောက်လာကြသူများမှ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးအဂ္ဂဓမ္မထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး အနုမောဒနာတရား နာယူကြည်ညို၍ သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်မြတ်များအား ရိုသေစွာ နာယူကြည်ညိုခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျောင်းတိုက် (၉၀)တိုက်ကျောင်းပေါင်း (၄၃၅) ကျောင်းမှ ရဟန်း(၅၁၃၈)ပါးသာမဏေ (၃၀၅၈)ပါး၊ သီလရှင်ကျောင်း (၄)ကျောင်းမှ သီလရှင် (၁၁၃) ပါး၊ စုစုပေါင်း (၈၃၀၉) ပါးတို့အား တစ်ပါးလျှင် ဆွမ်းဆန်တော် (၂)ပြည်၊ ဆီ (၂၅)ကျပ်သား၊ ကုလားပဲ (၂၅)ကျပ်သားနှင့် ကြက်သွန်နီ (၂၅)ကျပ်သားစီတို့အား ဆက်လက် ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း